ဒုံးကျည်စမ်းသပ်မှု တစ်ခု ပြုလုပ်ခဲ့တဲ့ အတွက် အီရန်နိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုတွေ မြှင့်တင် သတ်မှတ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အမေရိကန် အစိုးရရဲ့ ထိပ်ပိုင်းအရာရှိ တချို့က အီရန်ရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အီရန် နျူကလီးယား ထိန်းချုပ်မှု သဘောတူ စာချုပ်ကို ချိုးဖောက်ခြင်းလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ယူဆနေကြောင်း ပြောကြားထားပါတယ်။ အဲဒီစာချုပ်ကိုတော့ အမေရိကန် သမ္မတဟောင်း ဘာရတ်အိုဘားမားရဲ့ ဦးဆောင် စည်းရုံးမှုနဲ့ ချုပ်ဆိုနိုင်ခဲ့တာပါ။ အီရန်ဘက်ကတော့ ဒုံးကျည်စမ်းသပ်မှုဟာ နျူကလီးယား ထိန်းချုပ်မှု သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တာ မဟုတ်ကြောင်း ကာကွယ် ပြောဆိုပြီး အမေရိကန် အစိုးရရဲ့ စွပ်စွဲမှုတွေက အခြေအမြစ် မရှိကြောင်း တုံ့ပြန် ဝေဖန်ထားပါတယ်။