ပြည်ပကြွေးမြီ အမေရိကန် ဒေါ်လာ သန်း ၉၀၀၀ နီးပါးရှိပြီး တရုတ်နိုင်ငံတစ်ခုတည်းကို သန်း ၄၀၀၀ နီးပါး ပြန်လည်ပေးဆပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည့်သူငွေစာရင်း ပူပေါင်းးကော်မတီက ပြည်ထောင်စု အစိုးရအဖွဲ့ ပေးပို့တဲ့ ၂၀၁၇ခုနှစ် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာ မူကြမ်းနဲ့ ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံအစိုးရချင်း ချေးငွေတွေထဲက တရုတ်နိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ နီိးပါး၊ ဂျပန်နိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ နီးပါး၊ ADB၊ IDA တို့အပါအ၀င် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံမှ ဒေါ်လာ ၁၃၆၄ ဒသမ ၂ သန်း နီးပါးနဲ့ အခြားနိုင်ငံတွေဆီက အမေရိကန်ဒေါ်လာ ၉၈၈.၃ သန်းကို ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ပြည်တွင်းပြည်ပ ကနေ ချေးယူနိုင်ခွင့်ရှိတဲ့ အများဆုံးငွေပမာဏက ကျပ် ၅၂၀၀ ဘီလီယံသာ ဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ စီရင်ခံစာအရ သိရပါတယ်။

ချေးငွေတွေဟာ နှစ်ရှည်ချေးငွေတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်က စပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ အထက် အတိုးနှုန်းပေးရမှာဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ရုပ်သံသတင်းထောက်- မောင်သင်တုန်း