ရန်ကုန်မြို့ လမ်းမတော်မြို့နယ် သံဈေး ငါးလွှာမှာဖွင့်လှစ်ထားတဲ့ Yangon Book Plaza ဟာ သြဂုတ်လမှာ ဆိုရင် ဖွင့်လှစ်ချိန် ခြောက်လပြည့်ခဲ့ပြီဖြစ်ပါတယ်။ ခြောက်လပြည့်တဲ့အချိန်ထိ ထူးထူးခြားခြားလုပ်နိုင်တာဆိုလို့ စာပေဆိုင်ရာလှုပ်ရှားမှုပွဲတွေ အများအပြား ကျင်းပနိုင်ခဲ့ပေမယ့်လည်း စာပေဈေးကွက်နဲ့ စာဖတ်နှုန်းကတော့ လက်ရှိအချိန်ထိ သိသိသာသာ တိုးတက်လာတာ မရှိသေးဘူးလို့ Yangon Book Plazaတည်ထောင်သူ ကိုစန်းမွန်အောင်က ပြောပါတယ်။

ဒါ့အပြင် ခြောက်လပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ စက်တင်ဘာလ (၁)ရက်မှာတော့ Yangon Book Plazaမှာ Book Outlet Weekကို စတင်ကျင်းပနေပြီး စက်တင်ဘာလ(၁၀)ရက်အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီစာအုပ်ပလာဇာကြီးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၆)ရက်မှာ စတင်ဖွင့်ခဲ့တာဖြစ်ပြီး ဆိုင်ခန်းပေါင်း (၃၀)ကျော်ရှိပြီး စာပေ အမျိုးအစားစုံ ပါဝင်တဲ့ စာအုပ်ပေါင်းတစ်သိန်းကျော်ကို ရောင်းချနေတာဖြစ်ပါ တယ်။ စာပေလှုပ်ရှားမှုတွေ အနေနဲ့ကတော့ ကဗျာရွတ်ပွဲ၊ စာပေဟောပြောပွဲ၊ စာအုပ်မိတ်ဆက်ပွဲ၊ စာအုပ်တွေကို လျော့ဈေးနဲ့ရောင်းချတာတွေနဲ့ စာရေးဆရာကြီးတွေရဲ့ မွေးနေ့တွေကိုလဲ လစဉ်လတိုင်း ကျင်းပနေပြီးနောက်ပိုင်းမှာ ကလေးစာပေ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး