၅၂လမ်း နေ့ညဈေးကို ဒီလထဲမှာ ဖွင့်လှစ်မှာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၃၀ကျော်ပါဝင်မှာဖြစ်ပါတယ်။ မနက်ပိုင်းမှာ ရောင်းချမယ့် သူတွေက မနက်၆နာရီကနေ ၁၁နာရီထိနဲ့ မွန်းလွဲ ၃နာရီကနေ ည ၁၁ နာရီထိ ရောင်းချခွင့်ပြုမယ်လို့သိရပါတယ်။

ပုဇွန်တောင်မြို့နယ် အတွင်းရှိ အောက်ပုဇွန်တောင်လမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ အနော်ရထားလမ်း စတဲ့လမ်းတွေ အဲဒီ့ဈေးမှာ ဈေးသည်တွေ ပြောင်းရွှေ့ရောင်းချရမှာဖြစ်ပါတယ်။ ဈေးသည်စာရင်းကောက်ယူတာတွေ လုပ်ထားပြီး ရောင်းချမယ့်ဈေးသည်တွေကို စမတ်ကတ်တွေ ထုတ်ပေးမယ်လို့လည်းသိရပါတယ်။ ဒီလိုဈေးတည်ဆောက်လိုက်ပေမယ့် တရားမဝင် လမ်းဘေးဈေးသည် အကုန်လုံးရှင်းသွားမှာတော့ မဟုတ်ဘူးလို့ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်ကပြောပါတယ်။

ဆိုင်ခန်းတစ်ခန်းကို ၈ပေပတ်လည်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး အမှိုက်စွန့်ပစ်မယ့်စနစ်၊ သန့်စင်ခန်း၊ ရေပေးဝေတဲ့ စနစ်တွေ အတွက်လည်း ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော်