လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ကို စတင်ဆောင် ရွက်သင့်ပြီလို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာ မြင့်က ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲသမာသမတ်ကျမှုကို မြှင့်တင်တဲ့ အရပ်ဘက် အဖွဲ့အစည်း ဖိုရမ်ကို စက်တင်ဘာ ၁၃က စပြီး နှစ်ရက်တာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အဓိကတာဝန်ယူဆောင်ရွက်ရမှာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ လွှတ်တော်တို့ဖြစ်တယ်လို့လည်း သိရပါတယ်။

ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်ရရှိမှု၊ မှန်ကန်တဲ့မဲဆန္ဒရှင်ဖြစ်ဖို့၊ အရပ်ဖက် အဖွဲ့ အစည်းတွေ ရဲ့ စောင့်ကြည့်လေ့လာခွင့် အစရှိတာတွေကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ထည့်သွင်းလုပ်ဆောင်ရွက်ရမယ်လို့ ဦးစိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။

ဒါ့အပြင် ၂၀၂၀ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို ကြေညာသင့်နေပြီဖြစ်တယ်လို့လည်း ဦးစိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။၂ရက်တာကျင်းပခဲ့တဲ့ အဲဒီ့ဖိုရမ်ကို တိုင်းနဲ့ပြည်နယ်၁၄ခုက အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်