မြန်မာယူ၁၈ အသင်းရဲ့ ပြင်သစ်နည်းပြ ဘန်လာဘီနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ လမ်းခွဲလိုက်ပြီလို့ MFFရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူ၁၈ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ အသင်းကိုဦးဆောင်နိုင်မှုမရှိတဲ့ အတွက် MFFနည်းစနစ်အဖွဲ့နဲ့ စည်းဝေးဆုံးဖြတ်ပြီး ပြင်သစ်နည်းပြ ဘန်လာဘီနဲ့ လမ်းခွဲခဲ့တာလို့ သိရပါတယ်။ MFFနဲ့ ဘန်လာဘီတို့က အခုနှစ် ဒီဇင်ဘာအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ အတွက် ကျန်ရှိတဲ့လစာ နှစ်လစာပေးလျော်ပြီး နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပြိုင်ပွဲမှာ မြန်မာယူ၁၈အသင်းဟာ ဆီမီးဖိုင်နယ်မှာ မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သလို တတိယနေရာလုပွဲမှာလည်း အင်ဒိုနီးရှား အသင်းကို ဂိုးပြတ်အနေအထားနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မြန်မာ ယူ၁၈ အသင်းအနေနဲ့ အာရှ ယူ၁၉ ခြေစစ်ပွဲ ကိုလည်း လာမယ့် နိုဝင်ဘာလ ၄ ရက်ကနေ ၈ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အဲဒီ့ပြိုင်ပွဲဝင် မြန်မာယူ၁၈ အသင်းအတွက် ပြည်တွင်းနည်းပြအဖွဲ့ကို ခန့်အပ်တာဝန်ပေးသွားမှာဖြစ်ပြီး မကြာမီ ဆက်လက် သတင်းထုတ်ပြန်ပေးသွားမယ်လို့လည်း သိရပါတယ်။

သတင်း - အိမ့်မြတ်နိုးဇော် ၊ ရုပ်သံ - မြတ်သီဟမောင်