ခါကာဘိုရာဇီ ဒေသကို သဘာဝအမွေအနှစ်အဖြစ် သတ်မှတ်ပေးနိုင်ဖို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီလို တင်သွင်းမှုကို ယူနက်စကို အနေနဲ့ ပြန်လည်သုံးသပ်မှုဟာ ၁၈လကြာနိုင်တယ်လို့ ယူနက်စကို မြန်မာက National Programme အရာရှိ ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသနဲ့ ခါကာဘိုရာဇီဒေသ တွေကို ကမ္ဘာ့အမွေ အနှစ်စာရင်း အဖြစ် သတ်မှတ်ပေးနိုင်ဖို့ မြန်မာအစိုးရတာဝန်ရှိသူတွေက ယူနက်စကိုကို တင်သွင်းခဲ့တာပါ။

ပုဂံဒေသကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ပေးနိုင်ဖို့ တော့ ဒေသတွင်းမှာ အရေးကြီးတဲ့နေရာ ခုနှစ်ခုကို အပိုင်းခွဲပြီး ပြီးခဲ့တဲ့ စက်တင်ဘာ၂၂ရက်နေ့က တင်သွင်းခဲ့တာလို့ ပုဂံဒေသ ယူနက်စကို မူကြမ်းတင်သွင်းရေး ဥက္ကဌ ဦးသိန်းလွင်က ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသနဲ့ ခါကာဘိုရာဇီဒေသ တွေကို ကမ္ဘာ့အမွေ အနှစ်စာရင်း အဖြစ် ထည့်သွင်းဖို့ကိုတော့ ယူနက်စကို ကမ္ဘာ့ အမွေအနှစ်ကော်မတီက ၂၀၁၉ ဇွန်လနဲ့ ဇူလိုင်လတွေ မှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ခါကာဘိုရာဇီဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းမှာ ထည့်သွင်းဖို့ကိုတော့ ဒေသခံအချီု့က ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ထိခိုက်မှုတွေ ရှိလာမှာစိုးရိမ်တဲ့အတွက် ကန့်ကွက်ကြတာ ဖြစ်တယ်လို့ မနေ့က ပြုလုပ်တဲ့ ကန့်ကွက်ပွဲကို တက်ရောက်လာသူတွေက ပြောကြားခဲ့တာပါ။

ရုပ်သံသတင်းထောက်-မြတ်သီဟမောင်