နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မှာရှိတဲ့ ဂရန်းဟံသာ နိုင်ငံတကာဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှု နှစ်ရက်ကြာ ခံယူခဲ့တယ်လို့ သတင်းရရှိပါတယ်။ စက်တင်ဘာ ၂၉ရက် နဲ့ ဒီကနေ့ ၃၀ရက်တို့မှာ ဆေးရုံမှာ ဆေးစစ်ဆေးမှု ခံယူခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ဆေးရုံကိုရောက်ရှိလာခဲ့ပြီး ငါးနာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ ဒီလို ရန်ကုန်မှာ လာရောက်ပြီး ကျန်းမာရေး စစ်ဆေးတာနဲ့ ပတ်သက်လို့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပါဘူး။

ကျန်းမာရေးစစ်ဆေးမှုကို တစ်နှစ်တစ်ကြိမ် ပုံမှန်ပြုလုပ်လေ့ရှိပြီး လိုအပ်ပါက ခြောက်လ တစ်ကြိမ်စစ်ဆေးလေ့ရှိတယ်လို့ မိသားစုဆရာဝန်ဒေါက်တာ တင်မျိုးဝင်းက အရင်က ပြောဆိုထားတာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ၂၀၁၆ ဧပြီက မျက်စိခွဲစိတ်မှုကုသခံခဲ့ပြီး အောက်တိုဘာမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ပါတယ်။

ရုပ်သံသတင်းထောက်- မြတ်သီဟမောင်