တရားမဝင်လုပ်ကိုင်နေတဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို ဥပဒေနဲ့ အရေးယူဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောပါတယ်။

အောက်တိုဘာ ၃ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ် စန္ဒာမင်းက ငွေရေးကြေးရေး အဖွဲ့အစည်းတွေဖြစ်တဲ့ OK Pay၊ Wave Money ၊ Ongo စတဲ့လုပ်ငန်းတွေက တရားဝင်လုပ်ပိုင်ခွင့်ရှိမရှိနဲ့ လိုင်စင်မရှိဘဲ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို ဘယ်လိုဥပဒေတွေနဲ့ အရေး ယူဆောင်ရွက်နေလဲ မေးခွန်းကို မေးမြန်းခဲ့တာပါ။

ဝန်ကြီးကပြန်လည်ဖြေကြားရာမှာတော့ OK Pay၊ Wave Moneyနဲ့ Ongoစတဲ့လုပ်ငန်းတွေက တရားဝင် လုပ်ကိုင်ခွင့်ရရှိထားတဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းတွေကို လိုင်စင်ချထားပေးပြီးပေမယ့် ပြည်သူလူထုကို အသိပေးပြီးမှ စတင်အသုံးပြု စေလိုတယ်လို့ ဒေါ်စန္ဒာမင်းက ထောက်ပြခဲ့ပါတယ်။

တရားမဝင်လုပ်ကိုင်နေတဲ့ ငွေရေးကြေးရေးဖွဲ့အစည်းတွေကို ငွေရေးကြေးရေးဆိုင်ရာဥပဒေအရ အနည်းဆုံး ထောင်ဒဏ်(၂)နှစ် ကနေ (၅)နှစ်ထက် မပိုသော ထောင်ဒဏ်အပြင် ကျပ်သန်း၅၀၀ထက် မပိုတဲ့ ငွေဒဏ်ကိုလည်း ချမှတ်နိုင်တယ်လို့ ဝန်ကြီးဦးမြင့်သောင်းကပြောပါတယ်။ မိုဘိုင်းငွေဝန်ဆောင်မှု စနစ်တွေအတွက် ဗဟိုဘဏ်က တရားဝင် လုပ်ငန်းလုပ်ကိုင်ခွင့် ချပေးရတာဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော်