မီးသင်္ဂြိုဟ်စက် အနံဆိုးတွေ ရှုရှိုက်နေရလို့ ဒေသခံများ ဆို

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်က ယွန်းဒါန်းရပ်ကွက်မှာရှိတဲ့ ဒရယ်ချောင်းသုဿာန်ထဲက မီးသင်္ဂြိုဟ်စက်ကြောင့် အဲဒီ အနီးအနားမှာရှိတဲ့ ကျေးရွာ ၅ ရွာခန့်ကလူတွေ အနံဆိုးတွေကို နေ့စဉ်နဲ့အမျှ ရှုရှိုက်နေရပါတယ်။

မီးသင်္ဂြိုဟ်စက်မှာ ထင်းကိုလောင်စာအနေနဲ့ အသုံးပြုရတာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ပရဟိတနာရေးကူညီမှု အသင်း (ရွှေတောင်)က ဦးဆောင်ပြီး အလှူရှင်တစ်ယောက်က လှူဒါန်းခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာတော့ ရွှေတောင်မြို့ တစ်မြို့လုံးက ရုပ်အလောင်းတွေကို ဒီ မီးသင်္ဂြိုဟ်စက်တစ်ခုတည်းမှာပဲ လာရောက် မီးသင်္ဂြိုဟ် နေတာကြောင့် နေ့စဉ်နီးပါး အနံဆိုးတွေကို ခံစားနေကြရတာပါလို့ ရွှေတောင်မြို့၊ ယွန်းဒါန်းရပ်ကွက်မှ ဦးမောင်စိုးက ပြောပါတယ်။

မီးသင်္ဂြိုဟ်စက်မှ ခေါင်းတိုင်က ပေ ၆၀ နီးပါးရှိပြီး ကုန်းမြင့်ပေါ် မရှိဘဲ ရပ်ကွက်နဲ့ကျေးရွာတွေနဲ့လည်း အလွန်နီးကပ်နေတာကြောင့် မီးသင်္ဂြိုဟ်ပြီဆိုရင် ဒေသခံတွေက နေအိမ်ကနေ ရှောင်ထွက်နေရတယ်လို့ ပြောဆိုကြပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး၂၀၁၇ ခုနှစ်မှာ ဒေသခံတွေက စုပေါင်းလက်မှတ်ထိုးပြီး တိုင်စာကို ဌာနဆိုင်ရာတွေဆီ ပေးပို့ခဲ့ပါတယ်။ ဒေသခံတွေနဲ့ အစိုးရဌာနဆိုင်ရာတွေ၊ ဆရာတော်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံ ညှိနှိုင်းခဲ့ကြရာ ပြုပြင်ပေးမယ်လို့ ကတိခံထားပေမယ့် အခုအချိန်အထိ မပြုပြင်ပေးခဲ့တာကြောင့် အချိန် ကြာမြင့်လာရင် ကျန်းမာရေးပါ ထိခိုက်လာနိုင်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ဟန်ထူးဇော်