စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနဲ့ လူထုတွေ့ဆုံပွဲ ပြုလုပ်

လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ရတာဟာ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို သိရှိစေဖို့နဲ့ ပြည်သူတွေရဲ့အသံ၊ ပြည်သူ တွေရဲ့ ဆန္ဒတွေကို သိရှိစေဖို့ ပြုလုပ်တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားလိုက်ပါတယ်။
သြဂုတ် ၂၈ ရက်က မုံရွာခရိုင်၊ အရာတောင်မြို့၊ သီရိရတနာခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီးအစိုးရ နဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။
တွေ့ဆုံပွဲမှာ တိုင်းဒေသအစိုးရဝန်ကြီးတွေက ဌာနအလိုက် လုပ်ဆောင်ချက်တွေကို မိတ်ဆက်တာ တက်ရောက်လာတဲ့ ဒေသခံတွေအနေနဲ့ ဒေသအခက်အခဲတွေကို တင်ပြတောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဝန်ကြီးတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ကိုယ့်မဲဆန္ဒနယ်တွေမှာ လူထုတွေ့ဆုံပွဲတွေ အမြဲ ပြုလုပ်တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက မီယာတွေကို ပြောပါတယ်။
တွေ့ဆုံပွဲကို တက်ရောက်လာကြတဲ့ ဒေသခံပြည်သူတွေရဲ့ မေးမြန်းချက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြန်လည်ဖြေကြားတာကို အားမရတဲ့သူတချို့ရှိသလို အခုလို တွေ့ဆုံပြုလုပ်ပေးတာဟာ ကောင်းပါတယ်လို့ ပြောဆိုတဲ့သူတွေလည်း ရှိပါတယ်။
သြဂုတ် ၂၁ ရက်နေ့ကစတင်ပြီး တိုင်းဒေသကြီးအစိုးရက တွေ့ဆုံပွဲတွေကို ဘုတလင်မြို့၊ ဒီပဲယင်းမြို့၊ရေဦးမြို့၊ တန်ဆည်မြို့၊ အရာတော်၊ ဝက်လက်မြို့တွေမှာ ပြုလုပ်ခဲ့ပါတယ်။
ရိုက်ကူး-ဘုန်းနိုင်ဖြိုး